Wednesday, December 30, 2009

အိုချင်း

အလျင်လို လမ်းအိုလိုက်တဲ့
ဟင့်အင်း . . . အလျင်မလိုပါဘူး
ဒါပေမယ့် လမ်းအိုပဲ လိုက်ခဲ့တယ်
မှတ်တိုင်အို တစ်ခု အရောက်မှာ
ကဝေအိုတွေ အတွက်
ဂစ်တာအိုကို ကြိုးပြန်ညှိပြီး
သံစဉ်အိုတွေ တီးခတ်ပြတော့
ကကြိုးအိုတွေပေါ်တက်ကကြတယ်
" ဟော ဟိုမှာကြည့်စမ်း "
ကာရန်တွေ အိုကျလာပုံများ
ကျွန်တော့်ကဗျာတွေတောင် ရွတ်တွကုန်ပြီ

ကဗျာအမျိုးအစာ။ ။အိုချင်း

ရုပ်ရှင် ။ လောက

အပိုဒ်ခွဲ ၁

အလိုမတူပါဘဲ နေကအညှိုးနဲ့သာနေတယ်။
("ထီး" တွေကလည်း "ပါး" လိုက်တာ)
မွန်းကြပ်လောက်အောင် လေငြိမ်ပုံက အသက်ရှူတောင် မဝဘူး။
ဒါမှမဟုတ် ငါကိုယ်တိုင်က အသက်ရှူဖို့ကိုမေ့နေခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။
(ရှူစရာ အသက်မရှိတာလည်း ဖြစ်နိုင်သည်)
ပတ်ဝန်းကျင်က ကြိုးမိန့်စောင့်နေတဲ့ ရာဇဝတ်သားလို စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ထိ တိတ်ဆိတ်နေတယ်။
(ဒီနေ့ ဇာတ်သိမ်းခန်း ထင်တယ်)
ခြေသံတစ်ခုတလေများကြားရမလားလို့နားစွင့်.... ဖွင့်ထားတဲ့ ထမင်းချိုင့်တောင် အပေါ်ယံက ခြောက်သွေ့လာ။
"အားလုံးတိတ်မယ် ။ အသံပါယူရမယ်။"
"ကင်မရာ ဒီဘက်နည်းနည်းလှည့် ၊ မဆိုင်တဲ့လူ မပါစေနဲ့ ၊ မဆိုင်တဲ့လူမပါစေနဲ့"
"မဆိုင်တဲ့လူ?"
"ပါးစပ်ပိတ်ထား ၊ အိုကေ ရယ်ဒီ "

Wednesday, June 17, 2009

လမ်းဆုံလမ်းခွဲဘာသာဗေဒ

ဆုပ်ဖမ်းလို့တောင် မမီလိုက်တဲ့
အဲဒီ ပစ္စုပ္ပန်တွေထဲ
ဖျတ်ခနဲ ဖျတ်ခနဲ
ဖျတ်ခနဲ ဖြိုးခနဲ
ရိပ်ခနဲ လက်ခနဲ
ခဏငယ်တွေ
ဝိညာဉ်ပေါ်က လှိုက်သွန်ဖြတ်စီးနေကြ

လာနေပြီ . . . ကျော်သွားပြီ . . . လာနေပြီ . . ကျော် . .
နာရီကလည်း သူ့ကိုယ်သူပြန်ခွစီးလို့
ခဏခဏကုန်ခမ်းပစ်ရတာ ငြီးငွေ့နေခဲ့
ပစ္စုပ္ပန်ဆိုတာ အတိတ်ဖြစ်တော့မယ့်
အနာဂတ်ဟောင်းတချို့ ခေါင်းချရာ . . .

ခုနက အနာဂတ် အခုပစ္စုပ္ပန်
ခဏနေတော့ . . . အတိတ်တဲ့
အဲဒီလောက် ဗလောင်းဗလဲ ဘဒ္ဒမှာ
ဘယ်အရာကများ ဖက်တွယ်ထိုက်သေးလို့လဲ
အတိတ်ဆိုတာလည်း မရှိ
အနာဂတ် မရှိ
ပစ္စုပ္ပန် မရှိ
ငါမရှိ

ငါမရှိတဲ့ ငါကောင်တွေက ငါခွံခြုံရင်း
ညှီနံ့သင်းသင်း ဂီတတွေပျော်ဝင်တီးခတ်ကြတာ
ကမ္ဘာလောကတောင် သေးသိမ်ပွဖောင်းလာရ

နောက်ဆုံး . . .
. . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . ။ ။

Wednesday, April 22, 2009

အုတ်ဂူပေါ်က မနက်ဖြန်

ညက အိပ်မက်ထဲမှာ
ငါသေသွားလို့တဲ့။
ငါ့ကို သဂြိုဟ်သူဟာ
ငါကိုယ်တိုင်ပဲဖြစ်ရဲ့..
ငါ့အတွက် ငါငို
ငါအမျှဝေ.. ငါသာဓုခေါ်
ငါလွင့်မျော.. ငါအိမ်ပြန်

<<<<<အား>>>>>
>>>>>မွန်းကျပ်မှုတွေ<<<<<
>>>>တိတ်ဆိတ်မှုတွေ<<<<
ကဝေလို ဆယ့်နှစ်ကြိုးအတတ်နဲ့
ငါ့ဝိညာဉ်ကို ကျုတ်ထဲထည့်လွယ်
နှလုံးခုန်သံတွေ ဆူဝေလှိုက်ကွဲ
အဆုံးရဲ့ အဆုံးတိုင်းမှာလည်း
အစမရှိပါလား

ကဲ..
ဒီကပြီးရင်
ငါဘယ်သွားမလဲ
လွှတ်ချလိုက်ရမှာလား
ဘာတွေဆုပ်ကိုင်သယ်ပိုးသွားရင်ကောင်းမလဲ
(တစ်ကိုယ်စာဆိုတာ ဘယ်လောက်နည်းနည်း သို့မဟုတ် ဘယ်လောက်များများကိုခေါ်ပါသလဲ)
တစ်ခုခုကို ဖက်တွယ်ယုံကြည်ဖို့ရာ
အဘိဓာန်ပြင်ပက စကားလုံးတစ်လုံးလုံး ရှာတွေ့တဲ့အခါ
ခင်ဗျား ကျွန်တော့ဆီ စာပြန်ပါ။

Thursday, March 19, 2009

လွမ်းမိပါသည်

လွမ်းတမြေ့မြေ့
လွမ်းငွေ့ဝေဝေ
လွမ်းရှိန်မသေ
လွမ်းမှုပွေလို့
လွမ်းသမုဒြာ
လွမ်းသံသရာလည်
လွမ်းလှချည်ရဲ့
အော်...လွမ်းတယ်ဟဲ့
(အော်အော်ပြီးလွမ်းခြင်းမဟုတ်။ အာမေဋိတ်ပြုခြင်းမျှသာ)
ပီတိ(စိတ်ပညာ)

Sunday, March 15, 2009

ပျောက်ရှခဲ့သော နာမဝိသေသန

ဒီဇင်ဘာလက်ကျန် မြူဖွဲဖွဲဝေတဲ့တစ်နေ့မှာ နတ်သားတစ်ပါးနဲ့ဆုံတယ်။
"innocent" ဆိုတဲ့ နာမဝိသေသနတစ်ခု နှစ်လိုစွာပေးခဲ့မိတယ်။
ဖြူစင်မှု၊ ကြည်စင်မှုတွေနဲ့ တွေ့လိုက်တိုင်း သူမကို ပျော်ရွှင်စေတယ်။
ငြိမ်သက်မှုကို နှစ်ခြိုက်ပေမယ့် တွေ့လိုက်တိုင်း လှုပ်ခတ်သွားရတာကို သဘောကျနေမိတယ်။
သူမသိခဲ့ဘူး . . .။
အဲဒီ နတ်သားလေးက တစ်စုံတစ်ယောက်ရဲ့ အပြုံးတစ်ပွင့် အိပ်မက်တစ်ခု ဖြစ်လို့ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ဘူး။

တစ်နှစ် . . .
သူမရဲ့ အပြုံးတွေကို သူတွေ့တယ်။ ဘယ်လို အဓိပ္ပာယ်ဖွင့်မယ်တော့ သူပဲ သိလိမ့်မယ်။

နှစ်နှစ် . . .
သူမရဲ့ အိပ်မက်တွေကို သူရှာတွေ့တယ်။ နတ်သားလေးအတွက် သူမအိပ်မက်တွေ လက်ဆောင်ပေးလိုက်တယ်။
ဘယ်မှာ သိမ်းထားမလဲ ... သူပဲသိလိမ့်မယ်။

သုံးနှစ် . . .
သူမ နတ်သားလေးလို့ တစ်လျှောက်လုံး ယုံကြည်လာခဲ့တာ ...။
ယုံကြည်နေချင်သေးတယ်...။ ယုံကြည်နေပါရစေ...။
ပထမဆုံးအကြိမ်။
နတ်သားလေးဆီက လူနံ့ရလိုက်တယ်။
သူမ.... အကြီးအကျယ် တုန်လှုပ်သွားတယ်။ ဒါပေမယ့် ဇွတ်မှိတ် ယုံကြည်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်...
တဖြည်းဖြည်းနဲ့ တဖြည်းဖြည်းနဲ့ သူမရဲ့ နတ်သားလေးဟာ လူတစ်ယောက်ပဲဆိုတာ ဝမ်းနည်းစွာ သိလာရတယ်။
နတ်သားလေးဆီမှာ (နတ်သားလေးလို့ ယုံကြည်ခဲ့သူ) သူမရဲ့ နာမဝိသေသနလေးကို တဖြည်းဖြည်းနဲ့
ရှားပါးလာ၊ ရှာမတွေ့နိုင် ဖြစ်လာခဲ့တယ်။
(အစကတည်းက မရှိခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)

အခု . . .
သူမရဲ့ နတ်သားလေးဟာ သူမ မနှစ်သက်တဲ့ 'လူ'တွေနဲ့ တူနေတာကို တွေ့ရတယ်။
သူမအတွက် ဒါဟာ ကမ္ဘာပျက်ရုံ ကောင်းကင်ကြွေရုံ မကဘူး။ ။

'innocent'

'innocent'

'innocent'

'.... '


သူမ မြတ်နိုးခဲ့တဲ့ နတ်သားလေးနဲ့ သူ့ရဲ့ နာမဝိသေသနလေးကို သူမရဲ့ ပန်ဒိုရာ သေတ္တာထဲမှာ သိမ်းဆည်း၊ နတ်သားလေးနဲ့ သူ့ရဲ့ နာမဝိသေသနလေး ပြည့်ပြည့်ဝဝ တွဲလျက်ရှိနေခဲ့တဲ့ (သူမမှတ်မိသမျှ) နောက်ဆုံးအချိန်ထိ အခိုက်အတန့်လေးတွေပါ ထည့်သိမ်း ...။ ပြီးတော့ သူမကိုယ်သူမပါ အဲဒီနေရာမှာတင် ရပ်တန့်ထားခဲ့ပြီး သူမရဲ့ ကောင်းကင်ဆီ ဆက်လွင့်မျောသွားခဲ့တယ်။ ။

သူမ . . .။

သူမသည် သူမ သေချာသိသော အခိုက်အတန့်တစ်ခုမှာတင် မရောရာခြင်းများစွာဖြင့် ဝမ်းနည်းစွာရပ်တန့်ထားရင်း ဆက်လက်လွင့်မျောနေမည့် သူမသာ ဖြစ်ပါသည်။
ပီတိ(စိတ်ပညာ)

Tuesday, March 10, 2009

ခက်ဆစ်များနှင့် ရန်ဖြစ်ခြင်း

ကျောင်းတုန်းကတည်းက ဒီကောင့်ကို အမြင်မကြည်တာ။ ဒါပေမယ့်လည်း သိတယ်မဟုတ်လား။ သူနဲ့ ရန်ဖြစ်နေရင် ကိုယ်စာမေးပွဲမှာ အမှတ်နည်းမှာဆိုတော့ ငြိမ်နေရတာ။ အခုတော့ သူ့မျက်နှာလည်း ကြည့်နေစရာမလိုတော့ဘူးဆိုတော့ ကျောင်းတော်က ရန်စ ခုမှ အထုပ်ဖြေရတာပေါ့လေ။ စဉ်းစားကြည့်လေ။ ကဗျာတစ်ပုဒ်ဆိုတာ အာရုံဝင်စားပြီးရေးရတာ။(အဲဒီအကြောင်းလည်း နောက်ကြုံတော့ ပြောပါဦးမယ်)။ ကဗျာရေးဖူးတဲ့သူတွေ ခံစားဖူးမှာပါ။ တခါတလေ ကိုယ်ရေးလိုက်တုန်းက ခံစားချက်မျိုးတောင် နောက်တစ်ခေါက်ပြန်ဖတ်ရင် ပြန်ရချင်မှ ရတတ်တာမျိုးပါ။ ဖတ်တဲ့လူဆိုတာ ကဗျာဆရာရဲ့ ခံစားချက်၊ အမြင်ကို ထပ်တူကျဖို့ဆိုတာဝေးရော။ ရေးတဲ့သူကလည်း ကိုယ့်ခံစားချက် ကိုယ့်အမြင် ကိုယ့်အာရုံနဲ့ကိုယ်ရေး၊ ဖတ်တဲ့သူကလည်း ကိုယ့်ဘာကိုယ်ခံစား၊ ထပ်တူတော့ ဘယ်ကျနိုင်မလဲလေ။ ပြောချင်တာက ကဗျာဆရာရဲ့ တကယ့်ဆိုလိုချက်ကို ကဗျာဆရာကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူး။ တခါတခါ ကဗျာဆရာကိုယ်တိုင်တောင်မှ စကားလုံးတွေရဲ့ အတိမ်အနက်ကို မသေချာပါဘူး (ခံစားချက်ကို အားပြုရေးတဲ့အခါရှိမယ်၊ စကားလုံးကို အားပြုတဲ့အခါပြုမယ်)။ အနုပညာဆိုတာကို ဘာမှန်းရေရေရာရာ မပြောတတ်ပေမယ့် ပုံစံခွက်ထဲအသွပ်ခံထားရတဲ့ စကားလုံးတွေ ဖန်တီးမှုတွေ မဟုတ်တာတော့သေချာပါတယ်။ အနည်းဆုံးတော့ အနုပညာဆိုတဲ့ စကားလုံးရဲ့နောက်မှာ လွတ်လပ်မှုဆိုတဲ့ အငွေ့အသက်လေးတော့ လွင့်လွင့်လေးပါလာတတ်တယ်လေ။ အဲဒါကို ဘယ်သူက စထွင်တယ်မသိတဲ့ ခက်ဆစ်ဆိုတဲ့ကောင်က ကန့်လန့်ကန့်လန့်နဲ့ ကဗျာတွေနောက်မှာ အခန့်သားဝင်ဝင်ထိုင်နေတာ ပြေးပြေးပြီးပဲ နားရင်းအုပ်ချင်တော့တာပဲ။ ကဗျာရေးတဲ့သူက စကားလုံးတစ်လုံးကို ဒီလိုမြင်စေချင်လို့ ခက်ဆစ်ရယ်လို့ သူ့ဘာသူဖွင့်ချန်ခဲ့တာဆို ထားပါတော့။ ခုတော့ ကဗျာဆရာက ဘာပြောချင်မှန်းမသိ ခက်ဆစ်ဖွင့်တဲ့ ဆရာကြီးများ ဆရာမကြီးများက(ဘယ်သူတွေမှန်းတော့ အကျွန်ုပ်လည်း မသိဘူးနော်) ခပ်တည်တည် အဆစ်ပေးသလိုလိုနဲ့ ခက်ဆစ်တွေဖွင့်တာဟာ စကားလုံးတွေကို ထောင်ချ၊ စာဖတ်သူရဲ့ မျက်လုံးတွေကို အတင်းလိုက်ပိတ်တာလို့မြင်မိပါတယ်။ (အဆစ်ပေးတာမဟုတ်ဘဲ အရင်းတောင်ပြန်ပါနေတဲ့ သဘောပါ) ကိုယ်နဲ့မရင်နှီးတဲ့ အရင်ခေတ်အသုံးအနှုန်း၊ ပါဠိစကား၊ အဲဒီလိုတွေကို ခက်ဆစ်ဖွင့်တာ ထားပါတော့။ ဗဟုသုတတောင်ရသေးရဲ့။ ဒါပေမယ့် ကဗျာကို အဓိပ္ပါယ်သတ်မှတ်ပေးတဲ့ ခက်ဆစ်မျိုးတွေကျတော့ လက်မခံချင်လှဘူး။ ဘောင်တစ်ခုထဲပိတ်လှောင်လိုက်သလိုပဲ။ စကားလုံးတစ်လုံးရဲ့ ဆိုလိုချက်က ဒါပါလို့ သတ်မှတ်လိုက်တဲ့အခါ အဲဒီစကားလုံးက ဒီဖွင့်ဆိုချက်ကိုကျော်ပြီး အဓိပ္ပါယ်ရှိခွင့်ကို ဆုံးရှုံးသွားတယ်။ ဗီးနပ်စ်ရုပ်တုလိုပေါ့။ သိကြမှာပါ။ (ဘယ်ထဲမှာ ဖတ်မိလဲတော့မသိတော့ဘူး သိရင်ပြန်ပြောကြဦး) ပညာရှင်တွေက နည်းပညာတွေသုံးပြီး ပြတ်နေတဲ့လက်နေရာမှာအစားထိုးဖို့ နဂိုမူလ လက်အနေအထားကို တွက်ချက်ကြတယ်။ လက်ပြန်တပ်ဖို့စီစဉ်ကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ပြန်မတပ်ပဲ ဒီတိုင်းထားဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ။ ဘာကြောင့်လဲ။ အကြောင်းပြချက်က လက် မရှိတဲ့အတွက် လက်သာရှိရင်ဆိုတဲ့ အနေအထားအတွက် အကန့်အသတ်မရှိ လှခွင့်ပေးလိုက်တာပါ။ ဒီလိုပါပဲ။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်မှာလည်း စာဆိုနဲ့ စာဖတ်သူရဲ့ကြားမှာ အကန့်အသတ်မဲ့ ခမ်းနားခွင့်တစ်ခုရှိပါတယ်။ ခက်ဆစ်တွေဟာ စာဆိုရဲ့ ခံစားချက်နဲ့ စာဖတ်သူရဲ့ ခံစားနားလည်မှုကို တံတိုင်းတစ်ခုခြားပြီး နယ်နမိတ်ကန့်သတ်လိုက်တယ်။ ခက်ဆစ်အဖွင့်လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ ခက်ဆစ်အပိတ်တွေပဲ။ စကားလုံးတွေရဲ့ နယ်ပယ်၊ သက်ရောက်နိုင်စွမ်းတွေကို ပိတ်ပစ်လိုက်တာပါ။ တကယ်လို့များပေါ့ ပီတိကဗျာတွေကို ခက်ဆစ်အပိတ်တွေနဲ့ ရုပ်ဖျက်မယ့် ကျောင်းသုံးကဗျာဖတ်စာအုပ်မှာ သုံးမယ်ဆိုရင် (လုံးဝ(လုံးဝ))ခွင့်ပြုနိုင်မည် မဟုတ်ပါကြောင်း ဆိုင်ရာပိုင်ရာတို့အား ကြိုတင်အသိပေးအပ်ပါသည်ရှင့်။ ပီတိ(စိတ်ပညာ)

Tuesday, March 3, 2009

နေ့စွဲမတပ်ထားသောစာမျက်နှာ

(၀းဝ)
အလွမ်းတစ်ခွက်မှာ
အတ္တတစ်ဆပေါင်းထည့်
ပြီးတော့ မာနနဲ့ ရောမွှေ
ရှိုက်သံတွေမှာတောင် ငိုခြင်းက မပီပြင်ဘူး

(၁း၁)
အတိတ်ကို ဖုန်းခေါ်မိတိုင်း
လူကြီးမင်းနဲ့တိုးတယ်
ဝမ်းနည်းပါတယ်
ငါ့ထဲမှာ ငါမရှိသေးဘူး
တစ်ကမ္ဘာလောက်နေရင် ပြန်ခေါ်ကြည့်လေ

(၁း၂)
အလွမ်းတွေလား
မေးရတာ လျှာတောင်ခါးတယ်
ငါ့အတွက်မပူပါနဲ့
နင်မရှိလည်း ထမင်းနှစ်နပ်စားမှာပါ
(ဟင်းတစ်ခွက်တော့ တိုးလာတာပေါ့လေ)

(၂းဝ)
အချစ်စစ်စစ်မှာ နဖူးစည်းမရှိဘူး
အချစ်စစ်စစ်မှာ မှတ်ပုံတင်မပါဘူး
ယုံကြည်မှုဆိုတာ ယုံတုန်းပဲကြည်တာ
နင်ပြောတာငါကြားဖူးပါတယ်
ဟိုဟာက ဟိုစာအုပ်ထဲက
ဟိုစကားလုံးက ဟိုစာရေးဆရာလေသံ
ဟိုတစ်ခုက မြန်မာကားထဲက အကွက်တွေလေ

(၂း၁)
ဒိုင်ယာလော့တွေရွတ်ပြမနေနဲ့
သရုပ်ဆောင်လွင်ပြင်က အကဲဖြတ်ဒိုင်မဟုတ်ဘူး
ဇာတ်မနာနာအောင် ဖွဲ့ရအောင်လည်း
မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲမဟုတ်
မှားယွင်းမှုယုတ္တိဗေဒမှာ ဒါနံပါတ်(၃)ပဲ

(၂း၂)
အခွံတွေချည်းပဲလား
ငါ့နားက ဆင်ဆာဖြတ်တာနဲ့ ကုန်ပြီ
မမြင်ရတိုင်းလည်း မရှိဘူးပဲအော်မနေနဲ့
မကြားရပေမယ့် နားငြီးတယ်

(၀း-၁)
မှတ်ချက်။
မိုးရာသီတွင် မိုးရွာခြင်းမဟုတ်။
မိုးရွာသောရာသီကိုသာ မိုးရာသီဟုခေါ်ပါသည်။


ပီတိ(စိတ်ပညာ)

Saturday, February 28, 2009

အချစ်ဆိုတာ ဘာများလဲ
တခြားသူတွေကတော့ ဘာပြောကြမလဲ မသိဘူး
ပီတိအတွက်ကတော့ အချစ်ဆိုတာ ဒီလိုပါ။
"A loves B, B loves C, C loves . . . ."
ကိုယ်က ဒီလူကိုချစ်တယ်။ သူကလည်း တခြားတစ်ယောက်ကို ချစ် ။ အဲဒီတစ်ယောက်က တစ်ခါ တခြားလူကို ထပ်ချစ်။ ဒါမှ မဟုတ်လဲ ပတ်ရှုပ်ပြီး သုံးပွင့်တွေ လေးပွင့်တွေ ဆိုင်ကြ။
တကယ်တော့ ဒါသဘာဝပါပဲ။ သဘာဝလို့ပဲ ယူဆပါတယ်။ စဉ်းစားကြည့်လေ။ လူတွေပြောကြတာပြောပါတယ်။ နတ်ပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံဖို့လွယ်တယ် လူဖြစ်ဖို့မလွယ်ဘူးတဲ့။ (လူဦးရေများလွန်းလို့ ကလေးအကန့်အသတ်နဲ့မွေးနေရတဲ့ တရုတ်လိုနိုင်ငံတွေ ရှိတာက တစ်ကြောင်းပေါ့လေ)။ အဲဒီလောက် ခက်ခက်ခဲခဲ လူဖြစ်လာတဲ့ဘဝမှာ တစ်ခါ လူတွေအများကြီးထဲက လူနှစ်ယောက်က အတူတူ (အပြန်အလှန်) ပြန်ချစ်မိကြဖို့ဆိုတာ ပိုတောင်မလွယ်ပါသေးရဲ့နော်။ ချစ်တာကတော့ နှလုံးသားပါရင် ချစ်တတ်ကြတာပါပဲ။ ကိုယ်လည်း ချစ်တတ်တာပဲ ။ သူလည်း ချစ်တတ်တာပဲ။ ခင်ဗျားလည်း ချစ်တတ်မှာပဲ။ ချစ်တာတော့ချစ်ကြတာပါပဲ။ လူတစ်ယောက်တိုင်းက လူတစ်ယောက်ကို ချစ်တယ်။ အပြန်အလှန်ချစ်မိဖို့ကျတော့ ခက်သွားပြီ။ အဲဒီလို ကြုံလာရင်တောင် နည်းနည်းထူးဆန်းနေပြီလို့ ပြောရမယ်။ မရှိဘူးရယ်တော့ မဟုတ်ပါဘူး။ ရှိတော့ရှိမယ် ရှားမယ်ပေါ့။ ဒါကြောင့်လည်း လူတော်တော်များများ အသဲကွဲဖူးကြတာပါ။ အမှန်တော့ သဘာဝတရားကို အံတုမိလို့ ဝေဒနာတွေ ကိုယ့်ဘက်ကိုယ် ပြန်ကန်လာတာလို့သာ မှတ်ရမှာပါ။
ကိုယ်ချစ်တဲ့သူက ကိုယ့်ကို မချစ်လို့ ငါကံဆိုးလှချည်ရဲ့လို့ မတွေးကြပါနဲ့။ ဒါသဘာဝကျပါတယ်လို့သာ မှတ်ရမှာပါ။ ပြန်ချစ်တယ်ဆိုရင်တော့ သဘာဝမကျဘူး မယုံနဲ့ဆိုရင် ပီတိကို ဝိုင်းရိုက်ကြမလားမသိဘူး။ အဲဒီတော့ . . အဲ . . ငါတော်တော် ကံကောင်းပါလားလို့ မှတ်လိုက်ကြပေါ့နော်။

Saturday, February 14, 2009

ချစ်သူမသိလိုက်တဲ့ . . .

နှင်းဆီမျိုးမို့
ဆူးပါရသည် ။ ။
ပင်ပျိုသခင်
ခူးစေချင်လျက်
အကျွန့်လက်နက်
ထူးခတ်ခက်၍
ဆူးချက်ပယ်ရိုး
မရှိနိုးမို့
မြင်ခိုးကွယ်ဆင့်
ရွက်ပုန်းပွင့်သည်
နာကျင်ရင်နင့် ကင်းစေသော်ဝ်။ ။

ပီတိ(စိတ်ပညာ)

ကဗျာဆန်ခြင်းနှင့် ကျွန်တော်

သူမကို စတွေ့တော့
ဆံပင်ရှည် ကျောမှာချ
ကဗျာဆန်တဲ့ အလှများနဲ့ . . .

သူမနဲ့ စဆုံတော့
ငှက်ကလေးတွေ တေးဆိုကြ
ပန်းတွေကလည်းပွင့်
ကဗျာဆန်ဆန်ပဲလေ . . .

ဒါနဲ့ပဲ . .
အချစ်နတ်သမီးရှေ့မှာ
ဒူးထောက်ပါတယ် ပြောမိကာမှ
တလက်စတည်း
ဘောလ်ပင်လေး ကျနေတာ ကောက်ပေးပါလားတဲ့
တောက် . . ကဗျာမဆန်လိုက်တဲ့ မိန်းမ
လမ်းမှာတွေ့ရင် ငါ့လာမခေါ်နဲ့ ။

အိုဘယ့်ဘယ် အိုဘယ် ကြယ်စင်

အဲဒီ ကြယ်တစ်စင်းပေါ့
ကောင်းကင်အကြွေကို ထမ်းပိုးရင်း
လောကရဲ့ လျှို့ ၀ှက်ချက်တွေ
ငါတို့ကို လှစ်ပြသွားတယ်။
လင်းပျမှုန်ဝေတဲ့ ရောင်စဉ်တွေနဲ့
နတ်ဘုရားတို့ရဲ့ သံစဉ်တွေသီပြီး
သူ့နှလုံးသားကို လမ်းခင်းလို့
ငါတို့ရဲ့ ၀ိညာဉ်တွေကို
ထွန်းလင်းသန့်စင်စေခဲ့တယ်။
အခုတော့ ညှီစော်နံတဲ့ ကမ္ဘာမြေကို စွန့်ခွာလို့
သူနှစ်သက်တဲ့ သုညလေးလို
ငြိမ်းချမ်းစွာ လဲလျောင်းနေပြီလား . .
အို . . . အလင်းနတ်သား
အမှောင်ကမ္ဘာကို စွန့်ခွာလို့
အမှန်တရားတွေစိုလက်တဲ့နေရာမှာ
ငြိမ်းချမ်းနိုင်ပါစေ . . .

(ဆရာတာရာမင်းဝေအတွက် အမှတ်တရရေးဖြစ်တဲ့ကဗျာပါ။)

လောင်တိုက်

အမှတ်တရတွေက
နှလုံးသားကို တစ်ခါလာဆောင့်တိုင်း
အလွမ်းဆိပ်တွေက
အနာဂတ်ထိပျံ့နှံ့ကုန်တယ်
နင်မရှိတဲ့ ပစ္စုပ္ပန်တစ်ခုလုံး
ငါ့ ကောင်းကင်မှာနက္ခတ်တွေ ဖရိုဖရဲ
နှင်းကျတိုင်းလည်း သွေးပျက်အောင် လွမ်းတယ်
နှစ်သစ်တစ်ခါရောက်တိုင်း
အဟောင်းတွေ ပြန်ပြန်သစ်လို့
နင်မရှိတော့ဘူးဆိုတဲ့အသိနဲ့
အသက်ရှင်ရမယ့်သတ္တိမျိုး . . . . . .နဲ့
ခုထိ ငါ့မှာမရပ်တည်နိုင်သေးဘူး
နည်းနည်းလောက်များ . . ကြိုသိခွင့်ရခဲ့ရင် . . ဆိုတာကို
အခုငါ .. အရူးတစ်ယောက်လိုရေရွတ်နေတတ်ပြီ
နင် ငြိမ်းချမ်းနေပြီလား . . .
. . . . ရဲ့ ဟိုတစ်ဖက်မှာ ငါ့ကိုကြည့်ပြီး ငိုနေမလား
အများသုံး ပြက္ခဒိန်မှာ သက္ကရာဇ်တွေ ရွေ့
နေ့စွဲတွေပုံမှန်ကူးခတ်နေပေမယ့်
ငါ့အသိ . . . ဝိညာဉ် . . . အနာဂတ် . . အရာရာအားလုံး
ရပ်တန့် . . . အသက်မဲ့ . . . . ပြိုလွင့် . . . .
ငါ . . ဆိုတာ အခုနင်မရှိတော့ . . . .
. . . . . .
. . . . . .
. . . ဗ လာ . . .

Sunday, January 4, 2009

အချိုကြိုက်တဲ့ ဂန္ဒီ

ဂန္ဒီဆိုရင် လူကြီးတွေတင်မကဘူး ကလေးတွေကပါ ချစ်ခင်လေးစားကြပါတယ်။

တစ်နေ့တော့ ကလေးအမေတစ်ယောက်က သူ့ကလေးကို လက်ဆွဲပြီး ဂန္ဒီဆီလာပါသတဲ့။

ကလေးက အချိုတွေအရမ်းစားလို့ ဂန္ဒီ ဆုံးမပေးပါလို့ဆိုပါတယ်။

အဲဒီတော့ ဂန္ဒီကပြန်ပြောတယ်။ နောက်တစ်လနေမှ ပြန်လာခဲ့တဲ့။

တစ်လပြည့်လို့ သားအမိနှစ်ယောက်ပြန်လာကြတော့ ဂန္ဒီက ကလေးကို ကြည့်ပြီး

'ကလေး အချိုတွေ မစားနဲ့တော့နော်' လို့ကြင်ကြင်နာနာပြောသတဲ့

အဲဒီတော့ ကလေးက ဟုတ်ကဲ့ပါ လို့ပြောတယ်

အဲဒီမှာ ကလေးအမေက ဂန္ဒီရယ် ဒါလေးပြောဖို့များ ပြီးခဲ့တဲ့လ လာတုန်းကတည်းကပြောရောပေါ့လို့ပြောသတဲ့

ဂန္ဒီပြန်ပြောတာက ... အေး အဲဒီလို ကလေးကို အချိုမစားနဲ့လို့ပြောဖို့ ငါကိုယ်တိုင်အချိုရှောင်နိုင်တဲ့သူဖြစ်အောင်

တစ်လလုံးကြိုးစားရသေးတယ်ဟ. . တဲ့

ဖတ်ဖူးတဲ့ စာတစ်ပိုဒ်လေးကို မှတ်မိသလို ပြန်ရေးထားတာပါ

ကဲ ကျွန်တော်တို့ရော သူများကို ဆရာလုပ်ဖို့ ကိုယ်ကိုယ်တိုင် အဲဒီလို အမှားမျိုးနဲ့ ကင်းရဲ့လားလို့ ဘယ်နခါများ ပြန်ဆန်းစစ်ဖူးပြီလဲ

သူများကို ဝေဖန်ဖို့လုံလောက်တဲ့ အရည်အချင်းရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖူးပြီလား

သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကိုယ်လက်မထောင်ရဲပြီလား။

သေချာတွေးရင် ကိုယ်က သူများကို ဝေဖန်လိုက်ပေမယ့် ကိုယ့်မှာလည်း အဲဒီအားနည်းချက်တွေရှိနေတတ်ပါတယ်

သူ့ကို ဘယ်လိုလူမျိုးလို့ မဝေဖန် မရှုံ့ချခင် ကိုယ်ကရော အဲဒီလိုလူမျိုး မဟုတ်တာသေချာရဲ့လားလို့ အရင်ပြန်သုံးသပ်တတ်ရင်

်သူများကို ဝေဖန်စရာ ရှိမှာတောင်မဟုတ်ဘူးလို့ထင်ပါတယ်။

အဲဒါကြောင့် သူများကို ဝေဖန်တော့မယ်ဆိုရင် အထက်က ဂန္ဒီရဲ့ပုံပြင်လေးကို သတိရစေချင်ပါတယ်။

သူများဘက်ကို လက်ညှိုးတစ်ချောင်း မထိုးခင် အဲဒီလက်ညှိုးကိုယ့်ကိုယ်ကိုယ် ပြန်ထိုးရဲတတ်ကြပါစေ။

လမ်း

မိုးကို မျှော်ကြည့်တော့ မြေကြီးက သတိပေးတယ်။ အောက်ခြေမလွတ်စေနဲ့တဲ့။
မြေကို ငုံ့ကြည့်တော့ မိုးက လှမ်းအော်တယ် ။ ဟေ့ကောင် ရိုးရိုးကျင့် မြင့်မြင့်ကြံစမ်းပါတဲ့။
စိတ်ပေါက်ပေါက်နဲ့ ကမ်းနဖူးသွားထိုင်တော့ မြစ်ရေက အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့။
ဒီလိုနဲ့ ကျွန်တော် မြို့ပျက်တစ်ခုပေါ် ထိုင်ချမိတယ်။ လန့်ပြီးထခုန်မိတော့ မံမီတချို့ မကြည်ကြည့် ကြည့်ရင်း သမ်းဝေတယ်။
အရှေ့မြို့ရိုးပြိုကျနေလို့ အဲဒါဘာမြို့လဲ ကျွန်တော်မသိပါဘူး။ သေချာတာတော့ ကျွန်တော့်လက်မှာ တိမ်မှုန့်တွေပေနေတယ်။
ခဏတဖြုတ် ထိုင်နားမယ်ကြံတုန်း အဘိုးကြီးတစ်ယောက် မီးအိမ်ကိုင်ပြီးလျှောက်လာတယ်။
သူဘယ်သူလဲ သိသလိုရှိလို့ ကျွန်တော်လည်းဘာမှမမေးလိုက်ဘူး။
ကျွန်တော့်နားက သူ့ဆီမရောက်ပေမယ့် သူ့အသံက ကျွန်တော့်နားထဲ ထိုးထိုးထောင်ထောင် ဝင်လာသေးတယ် 'ရေနံဆီဈေးကြီးလို့ကွာ ဖယောင်းတိုင်ပြောင်းထွန်းမလားလို့' ဆိုလား။
အီလည်လည်ဖြစ်လာတာနဲ့ စီးကရက်မီးညှိဖို့လုပ်တော့မှ အိတ်ကပ်ကပေါက်နေမှန်းသိတယ်။
သူတောင်းစားအိတ်မှာ အောက်ကြမ်းပြင်မပါဘူးဆိုတာ သွားသတိရလို့ ကိုယ့်ကိုယ်ကိုယ် ကမန်းကတန်းငုံ့ကြည့်ရသေးတယ်။
ဝှုး. . . တော်ပါသေးရဲ့လို့တွေးတုန်း တစ်စုံတခုကို အလန့်တကြားဖြစ်ပြီး သေချာအောင်နောက်တစ်ခါပြန်ကြည့်တော့မှ သေရော... ကျွန်တော့်ကိုယ်ကြီးက ထုတ်ချင်းပေါက်ပြီး ဟိုတစ်ဖက်မှာ မြို့သစ်တစ်ခု။ ဘာမြို့လဲ သေချာမသိပေမယ့် ဒါဒဂုံမြို့သစ်မဟုတ်မှန်းတော့ သေချာသိတယ်။ ပျင်းပျင်းရှိတာနဲ့ ဝင်ကြည့်ဖြစ်တယ်။ မြို့ရိုးမှာ နာမည်ရေးမထားလို့ အနောက်မြို့ရိုးဖြစ်ရမယ်လို့ ကျွန်တော်ယူဆလိုက်တယ်။ မြောက်မြို့ရိုး၊ တောင်မြို့ရိုး လည်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကပြောတော့ ကျွန်တော်သူ့ကို မခေါ်တော့ဘူး။
ဒီလိုနဲ့ လျှောက်ရင်း မြို့ရိုးတစ်ခုထပ်တွေ့တယ်။ ဘုရားသခင်နိုင်ငံတော်လို့ရေးထားပေမယ့် ဘယ်သူမှ ရှိပုံမပေါ်တာနဲ့ မဝင်ဖြစ်တော့ဘူး။
တိုင်ကပ်နာရီလှမ်းကြည့်တော့ မျက်နှာဝိုင်းဝိုင်းနဲ့ကောင်က လျှာလှမ်းထုတ်ပြတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း အိပ်ပျော်သွားတယ် . . . .။

ခရစ္စမတ်လက်ဆောင်

ခရစ္စမတ် မနက် ( 25 December)မှာ လက်ဆောင်တွေ ပေးကြယူကြနဲ့ လဲလှယ်နေတာကို တွေ့တဲ့ ကလေးငယ်က Sunday School မှာ သင်ယူလာတဲ့ ဗဟုသုတနဲ့ ဒီနေ့ဟာ ခရစ်တော်ရဲ့မွေးနေ့ဖြစ်ကြောင်း သိနားလည်ပြီး တစ်စုံတရာကို စိတ်ရှုပ်ထွေးရင်း အလိုမကျဖြစ်နေပါတယ်။ နောက်ဆုံး . . အချိန်အတန်ကြာ ငြိမ်သက်နေပြီးတော့မှ သူ့အမေကို မေးပါတော့တယ်။ 'မေမေ . . Jesus အတွက်မွေးနေ့လက်ဆောင်ကို ဘယ်တော့ပေးရမှာလဲဟင်။ ကျွန်တော်သိသလောက်တော့ ဒီနေ့က သူ့မွေးနေ့မဟုတ်လား' တဲ့။
ထူးဆန်းလိုက်တာ ။ ဟုတ်တယ်မဟုတ်လား။ ကျွန်မတို့ဟာ ခရစ်တော်ရဲ့မွေးနေ့မှာ လူတိုင်းကိုလက်ဆောင်တွေပေးကြပြီးတော့ မွေးနေ့ရှင်ကိုတော့ ဘာမှမပေးမိပါလား။
ကျွန်မတို့ ကိုယ့်ကိုယ်ကို ပြန်မေးဖို့အကောင်းဆုံးမေးခွန်းက ကိုယ်တော်အတွက် ဒီခရစ္စမတ်မှာ ဘာပေးရမလဲ ဆိုတာပဲမဟုတ်လား။

ရေးသူ - Richard De Hann
ပီတိ ဘာသာပြန်သည်။
Church ထဲသွားရင်းက ရလာတဲ့ စာအုပ်လေးထဲမှာတွေ့မိတဲ့ စာပိုဒ်လေးထဲက တချို့ပါ။
လူတိုင်းလိုလို မေ့နေကြတာလေးတစ်ခုလို့ မြင်မိလို့ ဖော်ပြပေးလိုက်ပါတယ်။
ဒီစာကို ဆိုလိုရင်းလေးသဘောကျလို့ ရေးဖြစ်ပါတယ်။ အမှန်တော့ စာကမပြီးသေးပါဘူး။
ဒါပေမယ့် ဘာသာတရားရဲ့ ရိုက်ခတ်မှုတွေပါနေမှာစိုးလို့ မဖော်ပြတော့ပါဘူး။
သေချာတာကတော့ ဒီစာလေးကို ကိုးကွယ်မှုတွေရဲ့ အပြင်ဘက်ကနေ အတွေးလေးကိုပဲ သဘောကျလို့ ဘာသာပြန်ထားပါတယ်။

Ideal Marriage

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား
အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့

ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ခံစားချက်ဗရပွကြား မွန်းနစ်ပြီး
အသက်ရှူမဝဖြစ်နေတဲ့ကောင်ပါ ။ ။
မဖုရားရဲ့ ခြေခုံမို့မို့လေးကိုမှ
တခုတ်တရ နဖူးတိုက်ဦးခိုက်ချင်တဲ့
ဟောသည် ငမိုက်သားပေါ့ ။ ။
မသထာရေစာစွန့်ကြဲတဲ့
အစိမ်းရင့် ဥပေက္ခာတွေကိုမှ
အငမ်းမရကောက်ယူ မြတ်နိုး
ကမ္ဘာတစ်ခုလို ကိုးကွယ်တယ် ။ ။
မျက်မာန်ရှ မုန်းတော်ဖွဲ့လို့
အနောက်တောင်စွယ်ကုန်းက
မိုးထစ်ချုန်းရွာတိုင်း
သည်ကောင်တစ်ယောက်
အင်ပါယာနောက်နား မှော်ရုံတောထဲ
ဆို့နင့်နင့် ရင်ဘတ်ကြီးနဲ့
မြိန်ရေယှက်ရေလွမ်းတတ်တာ
မဖုရားသိပါလေစ ။ ။

သီအိုရီ ရဲ့ ခြွင်းချက်

နီးဖို့အတွက် ခဏဝေးရတာလား
ဝေးဖို့အတွက် ခဏနီးခဲ့ကြတာလား
အသွားအပြန်မရှိတဲ့ မေတ္တာအတွက်
အမှားအမှန် မသိတဲ့ သစ္စာတွေနဲ့
ငါ . . . စောင့်ခဲ့ဖူးတယ်
ပန်းသီးတစ်လုံးကြွေကျတာ ကမ္ဘာ့ဆွဲအားကြောင့်ဆိုရင်
ငါ့ရင်ထဲက အသဲတစ်စုံကြေမွသွားတာ
အချစ်နတ်ဘုရားမရဲ့ ဂန္ထဝင်မြောက်တေးသွားကြောင့်ပဲဖြစ်ရမယ်
ဧဒင်ဥယျာဉ်ထဲမှာ
ငါတစ်ယောက်ထဲ လွမ်းနာကျနေတုန်းပေါ့
နယူတန်က တိုးတိုးလေးကပ်ပြောသွားတာ . . ကြားမိပါရဲ့
အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ
အဲဒီ အရာရာမှာ အချစ်ဆိုတာ ပါမပါ စမ်းသပ်ဖို့
ဖော်မျူလာမျိုးစုံသုံးလည်း
အဖြေက အရှုံးပဲမို့
အမုန်းကို နယ်နှင်
ဖြစ်နိုင်ရင် ဘာလင် တံတိုင်းငှား
စာတန်းချိတ်ထားလိုက်ချင်တယ်
အလွမ်းမလာရ

Santa လွမ်းတဲ့ ခရစ္စမတ်

ခရစ္စမတ် ရောက်တော့မယ်
ကံကောင်းခြင်းတွေ သယ်ဆောင်မယ့် စွပ်ဖားလှည်းလေးအသင့်ပြင်
ခရစ္စမတ် ရောက်တော့မယ်
ဝမ်းနည်းခြင်းတွေ ကိုယ်စားသယ်ပေးမယ့် ရွှေသမင်တွေ ဇက်ကြိုးတပ်
ခရစ္စမတ် ရောက်တော့မယ်
ခြေအိတ်လေးတွေထဲ ဖြည့်ပေးဖို့ ခွင့်လွှတ်ခြင်းတွေ အိတ်ထဲထည့်
ခရစ္စမတ် ရောက်တော့မယ်
ကလေးတွေ ကုတင်ခြေရင်းမှာချိတ်မယ့် ဖြူစင်ခြင်းတွေ ခါးမှာချည်
ခရစ္စမတ် ရောက်တော့မယ်
အိမ်တံခါးဝမှာသွားချရမယ့် အားမာန်သစ်တွေ လှည်းပေါ်တင်
ခရစ္စမတ် ရောက်တော့မယ်
တစ်နှစ်လုံး သိမ်းထားတဲ့ မေတ္တာဦးထုပ်လေး ငါထုတ်ဆောင်းရဦးမယ်
ခရစ္စမတ် ရောက်တော့မယ်
အထုပ်အပိုးတွေစုံရင် ကိုယ်တော်ဆီ ခွင့်ပန်
ချစ်တဲ့ ကလေးတွေနဲ့ မိသားစုတွေ ငါ့ကိုစောင့်နေရော့မယ် ။

(MCO ကပေးတဲ့ ခေါင်းစဉ်လေးမှာ ရေးဖြစ်တာပါ)

Saturday, January 3, 2009

အယောင်ဆောင်တိမ်တိုက်များ

ကဲ . . . နှုတ်ဆက်ခဲ့ပါတယ် ငါသွားတော့မယ် အမိ
. . . . .
. . . . .
ဘယ်ကိုလဲ ဟုတ်လား
တစ်နေရာပေါ့ ကောင်မလေးရယ်
ဒီကောင်းကင်ကြီး ကျယ်သရွေ့
ခံစားတတ်သူတွေ ရှိသရွေ့တော့
ငါ့မှာ သွားစရာမမဲ့သေးပါဘူး
ငါ့ကို မော့ကြည့်စမ်းပါဦးကွဲ့
ဒီမှာ မိန်းကလေးရယ်
လူဆိုတာက ခက်သားလား
နာကျင်စရာကိုမှ တွယ်တာတတ်ကြတာ
တကယ်တော့ မဟုတ်ဘူး
အစစ်အမှန် မဟုတ်ခဲ့ပါဘူး
ပြီးသွားမှာပေါ့ ကလေးရယ်
မျက်ရည်တွေ သုတ်လိုက်
ခေါင်းကို ရဲရဲမော့ထားစမ်းပါဦး
ဒီနားကိုတိုး သေချာနားထောင်စမ်း
ခံစားချက်ဆိုတာ လူသတ်လက်နက်တစ်မျိုးပဲကွဲ့
ကြုံရဦးမယ် နောက်ထပ် . . နောက်ထပ်
ဒါစမ်းသပ်မှုတစ်ခုပဲ
တစ်ခုတော့မှာခဲ့မယ်ကွယ်
ဘယ်တိမ်တိုက်မျိုးမှ
မင်းကောင်းကင်ကို အကွယ်မခံနဲ့
ကိုယ့်ကောင်းကင်ကို ကိုယ်ဆွဲဖွင့်စမ်းပါ ကလေးရယ်။
ကဲ ကဲ မျက်စိအသာလေးမှိတ် အိပ်တော့နော်
နောက်တစ်နေ့ နိုးလာတဲ့ အခါ
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်ကိုဆွဲဖွင့်ပြီး
မင်းကောင်းကင်ကို မင်းစိတ်ကြိုက် ခြယ်မှုန်းလိုက်စမ်းပါ။

ကဲ . . . နှုတ်ဆက်ခဲ့ပါတယ်
ငါသွားတော့မယ် အမိ

လွမ်းမိခြင်းများ

Roll-call ရတာနဲ့
နောက်ပေါက်က ခုန်ဆင်းတဲ့
8-1-1 theatre ကိုလွမ်း
ကြမ်းပေါ်မှာ ဖဲရိုက်ကြတဲ့ ကျောင်းကားကိုလွမ်း
တစ်နေကုန်ထိုင်ကုန်းဆင်းသောက်တဲ့
ဒေါ်လေးရဲ့ မဟာနွယ်ကို လွမ်း
အတန်းမတက်ဘဲ အခန်းထဲဝင်အခွေကြည့်လို့ရတဲ့
အန်တီချစ်ရဲ့ ချစ်ချစ်ကိုလွမ်း
တိုက်ပုံအပြာရောင်ဝတ်တဲ့
နွဲ့နွဲ့နှောင်နှောင်းနဲ့ ငါတို့ ပါချုပ် ကိုလွမ်း
ဆိုင်ကယ်တကားကားနဲ့
မော်ကွန်းထိန်းကိုလွမ်း
မူးပြီးရမ်းကြတဲ့ M3 ကိုလွမ်း
မျောက်ရှုံးအောင်ဆော့ကြတဲ့
ကန်တော်ကြီးနဲ့ တိရစ္ဆာန်ရုံကစားကွင်းကိုလွမ်း
အပြင်သွားရင်လူစုဖြစ်တဲ့
Goody's ကအထပ်ခိုးကိုလွမ်း
အုပ်စုလိုက်ဆူညံသောင်းကျန်းတဲ့ Spider net ကိုလွမ်း
လမ်းကြုံတိုင်းသွားငမ်းတဲ့
လပြည့်ဝန်း ဓားရောင်းတဲ့ဆိုင်က
ကောင်တာထိုင်တဲ့ အရုပ်ကြီးကိုလွမ်း
လူစုံရင်သွားဖြစ်တဲ့ ကန်ဘောင်ကညနေတွေကိုလွမ်း
လက်စွမ်းပြဖူးတဲ့ ကျောင်းတုန်းက
ကဗျာစာအုပ်ကိုလွမ်း
မဟုတ်တာဆိုရင် လူသိပ်ညီတဲ့
ငါ့သူငယ်ချင်းတွေကို လွမ်း
ပြီးတော့ တိတ်တိတ်လေး စွဲလမ်းဖူးတဲ့
ကတ္တီပါဖိနပ်လေးကိုလွမ်း . . .

အုံ့ပုန်း

တိုးတိုးနှောင်ရစ်
တဆစ်ဆစ်လွမ်း
တမ်းတမ်းတတ
တသသဆွေး
တငေးငေးမျှော်
ကျောင်းတက်ဖော်
ကျွန်တော်လည်းပဲ ချစ်တတ်သည်။

ကျောင်းတုန်းက ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်ပါ။