Saturday, January 3, 2009

အယောင်ဆောင်တိမ်တိုက်များ

ကဲ . . . နှုတ်ဆက်ခဲ့ပါတယ် ငါသွားတော့မယ် အမိ
. . . . .
. . . . .
ဘယ်ကိုလဲ ဟုတ်လား
တစ်နေရာပေါ့ ကောင်မလေးရယ်
ဒီကောင်းကင်ကြီး ကျယ်သရွေ့
ခံစားတတ်သူတွေ ရှိသရွေ့တော့
ငါ့မှာ သွားစရာမမဲ့သေးပါဘူး
ငါ့ကို မော့ကြည့်စမ်းပါဦးကွဲ့
ဒီမှာ မိန်းကလေးရယ်
လူဆိုတာက ခက်သားလား
နာကျင်စရာကိုမှ တွယ်တာတတ်ကြတာ
တကယ်တော့ မဟုတ်ဘူး
အစစ်အမှန် မဟုတ်ခဲ့ပါဘူး
ပြီးသွားမှာပေါ့ ကလေးရယ်
မျက်ရည်တွေ သုတ်လိုက်
ခေါင်းကို ရဲရဲမော့ထားစမ်းပါဦး
ဒီနားကိုတိုး သေချာနားထောင်စမ်း
ခံစားချက်ဆိုတာ လူသတ်လက်နက်တစ်မျိုးပဲကွဲ့
ကြုံရဦးမယ် နောက်ထပ် . . နောက်ထပ်
ဒါစမ်းသပ်မှုတစ်ခုပဲ
တစ်ခုတော့မှာခဲ့မယ်ကွယ်
ဘယ်တိမ်တိုက်မျိုးမှ
မင်းကောင်းကင်ကို အကွယ်မခံနဲ့
ကိုယ့်ကောင်းကင်ကို ကိုယ်ဆွဲဖွင့်စမ်းပါ ကလေးရယ်။
ကဲ ကဲ မျက်စိအသာလေးမှိတ် အိပ်တော့နော်
နောက်တစ်နေ့ နိုးလာတဲ့ အခါ
အလွမ်းယောင်ဆောင်တဲ့ တိမ်တိုက်ကိုဆွဲဖွင့်ပြီး
မင်းကောင်းကင်ကို မင်းစိတ်ကြိုက် ခြယ်မှုန်းလိုက်စမ်းပါ။

ကဲ . . . နှုတ်ဆက်ခဲ့ပါတယ်
ငါသွားတော့မယ် အမိ

1 comment:

Anonymous said...

သဘောကျမိတယ်၊
မင်းသာ မင်းဘ၀ရဲ. သခင်ပါဆိုပြီး နှုတ်ဆက်ထားခဲ.ခံရဘူးတယ်။
ဒီကဗျာကို ဖတ်ပြီး သတိတရ ပြုံးမိတယ်။