Sunday, January 4, 2009

လမ်း

မိုးကို မျှော်ကြည့်တော့ မြေကြီးက သတိပေးတယ်။ အောက်ခြေမလွတ်စေနဲ့တဲ့။
မြေကို ငုံ့ကြည့်တော့ မိုးက လှမ်းအော်တယ် ။ ဟေ့ကောင် ရိုးရိုးကျင့် မြင့်မြင့်ကြံစမ်းပါတဲ့။
စိတ်ပေါက်ပေါက်နဲ့ ကမ်းနဖူးသွားထိုင်တော့ မြစ်ရေက အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့။
ဒီလိုနဲ့ ကျွန်တော် မြို့ပျက်တစ်ခုပေါ် ထိုင်ချမိတယ်။ လန့်ပြီးထခုန်မိတော့ မံမီတချို့ မကြည်ကြည့် ကြည့်ရင်း သမ်းဝေတယ်။
အရှေ့မြို့ရိုးပြိုကျနေလို့ အဲဒါဘာမြို့လဲ ကျွန်တော်မသိပါဘူး။ သေချာတာတော့ ကျွန်တော့်လက်မှာ တိမ်မှုန့်တွေပေနေတယ်။
ခဏတဖြုတ် ထိုင်နားမယ်ကြံတုန်း အဘိုးကြီးတစ်ယောက် မီးအိမ်ကိုင်ပြီးလျှောက်လာတယ်။
သူဘယ်သူလဲ သိသလိုရှိလို့ ကျွန်တော်လည်းဘာမှမမေးလိုက်ဘူး။
ကျွန်တော့်နားက သူ့ဆီမရောက်ပေမယ့် သူ့အသံက ကျွန်တော့်နားထဲ ထိုးထိုးထောင်ထောင် ဝင်လာသေးတယ် 'ရေနံဆီဈေးကြီးလို့ကွာ ဖယောင်းတိုင်ပြောင်းထွန်းမလားလို့' ဆိုလား။
အီလည်လည်ဖြစ်လာတာနဲ့ စီးကရက်မီးညှိဖို့လုပ်တော့မှ အိတ်ကပ်ကပေါက်နေမှန်းသိတယ်။
သူတောင်းစားအိတ်မှာ အောက်ကြမ်းပြင်မပါဘူးဆိုတာ သွားသတိရလို့ ကိုယ့်ကိုယ်ကိုယ် ကမန်းကတန်းငုံ့ကြည့်ရသေးတယ်။
ဝှုး. . . တော်ပါသေးရဲ့လို့တွေးတုန်း တစ်စုံတခုကို အလန့်တကြားဖြစ်ပြီး သေချာအောင်နောက်တစ်ခါပြန်ကြည့်တော့မှ သေရော... ကျွန်တော့်ကိုယ်ကြီးက ထုတ်ချင်းပေါက်ပြီး ဟိုတစ်ဖက်မှာ မြို့သစ်တစ်ခု။ ဘာမြို့လဲ သေချာမသိပေမယ့် ဒါဒဂုံမြို့သစ်မဟုတ်မှန်းတော့ သေချာသိတယ်။ ပျင်းပျင်းရှိတာနဲ့ ဝင်ကြည့်ဖြစ်တယ်။ မြို့ရိုးမှာ နာမည်ရေးမထားလို့ အနောက်မြို့ရိုးဖြစ်ရမယ်လို့ ကျွန်တော်ယူဆလိုက်တယ်။ မြောက်မြို့ရိုး၊ တောင်မြို့ရိုး လည်းဖြစ်နိုင်တယ်လို့ သူငယ်ချင်းကပြောတော့ ကျွန်တော်သူ့ကို မခေါ်တော့ဘူး။
ဒီလိုနဲ့ လျှောက်ရင်း မြို့ရိုးတစ်ခုထပ်တွေ့တယ်။ ဘုရားသခင်နိုင်ငံတော်လို့ရေးထားပေမယ့် ဘယ်သူမှ ရှိပုံမပေါ်တာနဲ့ မဝင်ဖြစ်တော့ဘူး။
တိုင်ကပ်နာရီလှမ်းကြည့်တော့ မျက်နှာဝိုင်းဝိုင်းနဲ့ကောင်က လျှာလှမ်းထုတ်ပြတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း အိပ်ပျော်သွားတယ် . . . .။

2 comments:

သက်နိုင် said...

တာရာပီတိ အရေးအသား လန်းတယ်ကွာ။

တေဇာ (လရောင်လမ်း) said...

ဘုရားသခင်ရဲ့နိုင်ငံတော်မှာ ဘယ်သူမှရှိပုံမရဘူးတဲ့လား။ ခွေးတစ်ကောင်ကြောင်တစ်မြီးမှတောင် မရှိဘူးလား။ ဘုရားသခင်ကရော အားရင် အပြင်ထွက် လမ်းသလား နေတတ်သလား။ အပြေးအလွှား အတွေးပွားမိပါတယ်။ ပီတိ(စိတ်ပညာ)ဟာ တစ်ချိန်ချိန်မှာ ကလောင်တစ်ချောင်းပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဘောပင်တစ်ချောင်းတော့ ၀ယ်နိုင်ပါတယ်မပြောနဲ့နော်။ ကိုယ်ရေးသမျှ ပေါက်ကရလေးတွေ လျှောက်ဖတ်မယ့် ခပ်ကြောင်ကြောင်ပရိသတ်တွေလိုတယ်လို့ပြောတာ...။ ဗရာဗို ညီမလေး။