Sunday, January 4, 2009

သီအိုရီ ရဲ့ ခြွင်းချက်

နီးဖို့အတွက် ခဏဝေးရတာလား
ဝေးဖို့အတွက် ခဏနီးခဲ့ကြတာလား
အသွားအပြန်မရှိတဲ့ မေတ္တာအတွက်
အမှားအမှန် မသိတဲ့ သစ္စာတွေနဲ့
ငါ . . . စောင့်ခဲ့ဖူးတယ်
ပန်းသီးတစ်လုံးကြွေကျတာ ကမ္ဘာ့ဆွဲအားကြောင့်ဆိုရင်
ငါ့ရင်ထဲက အသဲတစ်စုံကြေမွသွားတာ
အချစ်နတ်ဘုရားမရဲ့ ဂန္ထဝင်မြောက်တေးသွားကြောင့်ပဲဖြစ်ရမယ်
ဧဒင်ဥယျာဉ်ထဲမှာ
ငါတစ်ယောက်ထဲ လွမ်းနာကျနေတုန်းပေါ့
နယူတန်က တိုးတိုးလေးကပ်ပြောသွားတာ . . ကြားမိပါရဲ့
အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ
အဲဒီ အရာရာမှာ အချစ်ဆိုတာ ပါမပါ စမ်းသပ်ဖို့
ဖော်မျူလာမျိုးစုံသုံးလည်း
အဖြေက အရှုံးပဲမို့
အမုန်းကို နယ်နှင်
ဖြစ်နိုင်ရင် ဘာလင် တံတိုင်းငှား
စာတန်းချိတ်ထားလိုက်ချင်တယ်
အလွမ်းမလာရ

2 comments:

Unknown said...

ဒီကဗျာလေးတော့...........ငါတော်တော်ကြိုက်တယ်ဟာ

Anonymous said...

အတွေးတွေတူနေပြန်ပြီ ဒေါ်ပီတိ
တူ တူ နိုင်လွန်းတယ်နော်
အံ့ကိုသြရော
လာကြည့် မယုံရင်
မူလဘူတ အတွေးတူတာကိုပြောချင်တာပါ

lonely apple တဲ့ လာဖတ်နော်