Wednesday, April 22, 2009

အုတ်ဂူပေါ်က မနက်ဖြန်

ညက အိပ်မက်ထဲမှာ
ငါသေသွားလို့တဲ့။
ငါ့ကို သဂြိုဟ်သူဟာ
ငါကိုယ်တိုင်ပဲဖြစ်ရဲ့..
ငါ့အတွက် ငါငို
ငါအမျှဝေ.. ငါသာဓုခေါ်
ငါလွင့်မျော.. ငါအိမ်ပြန်

<<<<<အား>>>>>
>>>>>မွန်းကျပ်မှုတွေ<<<<<
>>>>တိတ်ဆိတ်မှုတွေ<<<<
ကဝေလို ဆယ့်နှစ်ကြိုးအတတ်နဲ့
ငါ့ဝိညာဉ်ကို ကျုတ်ထဲထည့်လွယ်
နှလုံးခုန်သံတွေ ဆူဝေလှိုက်ကွဲ
အဆုံးရဲ့ အဆုံးတိုင်းမှာလည်း
အစမရှိပါလား

ကဲ..
ဒီကပြီးရင်
ငါဘယ်သွားမလဲ
လွှတ်ချလိုက်ရမှာလား
ဘာတွေဆုပ်ကိုင်သယ်ပိုးသွားရင်ကောင်းမလဲ
(တစ်ကိုယ်စာဆိုတာ ဘယ်လောက်နည်းနည်း သို့မဟုတ် ဘယ်လောက်များများကိုခေါ်ပါသလဲ)
တစ်ခုခုကို ဖက်တွယ်ယုံကြည်ဖို့ရာ
အဘိဓာန်ပြင်ပက စကားလုံးတစ်လုံးလုံး ရှာတွေ့တဲ့အခါ
ခင်ဗျား ကျွန်တော့ဆီ စာပြန်ပါ။

8 comments:

Unknown said...

အဲ့ဒီ့အုတ်ဂူပေါ်မှာ စကားလုံးတွေ ကခုန်နေလေရဲ့...။

Anonymous said...

ညီမလေး ပီတိ..တော်တော် တွေးထားတာပဲနော် ..ကောင်းပါတယ် ...Idea က ..

တီချမ်း said...

အဆုံးကော အစကောမ မရှိတာက ကြက်ဥ
ကြက်ဥဆိုတာ ကြက်မဖင်ကထွက်

တကိုယ်စာဆိုတာ ၃ပေ ၆ပေ ပါကွယ်


တိတိ စိတ်ညစ်နေတယ်
ရေးတဲ့စာကိုကြည့်ရတာ မှောင်လိုက်တာ

နေကျယ်ဝန်း said...

တယ် ။ ။ ။
မဟုတ်က ဟုတ်က အိပ်မက်တွေလျှောက်မက် ။
ဘုရားရှိခိုးအိပ် ။

တေဇာ (လရောင်လမ်း) said...

ပထမအပိုဒ်မှာပဲ ကဗျာဆရာဟာ သေဆုံးသွားတာတွေ့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်မီးသဂြိုဟ်ခြင်းဆိုတော့ တခြားပယောဂမပါဘဲ မိမိဆုံးဖြတ်ချက်အရ စိတ်လိုလက်ရသေဆုံးသွားပုံပါပဲ။ ဒါပေမဲ့ သေဆုံးသွားတာဟာ လူပုဂိုလ်တော့ ဟုတ်ဟန်မတူဘူး။ ကဗျာဆရာဟာ အတိတ်မှာထားခဲ့ချင်တဲ့အရာတစ်ခု ရှိနေလို့ ဟန်ဆောင် (အိပ်မက်ထဲမှာ) သေပြခဲ့ခြင်းသာဖြစ်တယ်။ သူဟာ ပျော်ရွှင်နေထိုင်ခဲ့ဖူးရာအရပ်ဆီ (အိမ်) ပြန်ချင်နေတယ်။

ဒုတိယအပိုဒ်ကတော့ နာကျင်စွာ အော်ညည်းနေသလိုပါပဲ။ ကဗျာဆရာဟာ တိတ်ဆိတ်မွမ်းကျပ်တဲ့ အခန်းလိုနေရာတစ်ခုထဲမှာ ပိတ်မိနေတယ်။ နောက်ဆုံးမှာ အသစ်ပြန်စနိုင်ခွင့်မရှိဘူးလားလို့ ညည်းညူထားတာတွေ့ရတယ်။

နောက်ဆုံးအပိုဒ်မှာတော့ ကဗျာဆရာဟာ ဘာဆက်လုပ်ရမလဲဆိုတာကို မရေရာမှုနဲ့ မေးခွန်းတွေထုတ်ထားတာကိုတွေ့ရတယ်။ အားလုံးကိုအတိတ်မှာ ချန်ထားပစ်ခဲ့ရမှာလား၊ ဒါမှမဟုတ် ဘာတွေကို ဆုပ်ကိုင် (ယုံကြည်) ထားရမလဲဆိုတာ မသေမချာဖြစ်နေတာတွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ သူဟာ ဘာကိုမှမယုံကြည်နိုင်တော့လောက်အောင်ဖြစ်နေတာတွေ့ရတယ်။ ဒါပေမဲ့ စာလည်းပြန်ခိုင်းထားသေးတဲ့အတွက် ယုံကြည်ချင်နေသေးတဲ့ (မျှော်လင့်ချက်) စိတ်လေးရှိနေသေးတာလည်းတွေ့ရပါတယ်။ အဘိဓာန်ပြင်ပက လို့ဆိုထားတဲ့အတွက် ပုံနှိပ်ထုတ်ဝေခြင်းမရှိသေးတဲ့ စာအုပ်များရဲ့ပြင်ပက အတွေး(ယုံကြည်ချက်) မျိုးကို သူကလိုချင်တာပါ။ ဒီအတွက်စာပြန်ဖို့ရာအတွက် ကျွန်တော့်မှာ အဆင်သင့်ပြုစုထုတ်ပိုးထားပြီး ယုံကြည်မှု တစ်ခုတစ်လေမျှ ရှိမနေပါ။ မယုံကြည်ခြင်းများကိုသာ ယုံကြည်စွဲကိုင်ထားခဲ့သောလူတစ်ယောက်အတွက် အာမခံချက်ပေးနိုင်သောယုံကြည်မှုတစ်ခုခု (ရှိလိမ့်မည်တော့မဟုတ်) ရှာဖွေတွေ့ရှိသောအခါ Attach File ဖြင့် ကျွန်တော် ပို့မိပါလိမ့်မယ်။

အထိမိဆုံးစကားလုံးများ ကဗျာထဲတွင် တွေ့မိပါ၏။

(တစ်ခုခုကို ဖက်တွယ်ယုံကြည်ဖို့ရာ
အဘိဓာန်ပြင်ပက စကားလုံးတစ်လုံးလုံး ရှာတွေ့တဲ့အခါ
ခင်ဗျား ကျွန်တော့ဆီ စာပြန်ပါ.။)

ဂျပန်ကောင်လေး said...

အိုး... ကောင်းလိုက်တဲ့ကဗျာလေး... ကွန်မန့်ထဲက ကဗျာလေးကို ခံစားပုံကလည်း စိတ်ဝင်စားစရာပဲ... ဘာပဲပြောပြော.. ကျနော်တော့စဉ်းစားစရာတွေရသွားပြီ...

ကောင်းကင်ပြာ said...

စကားလုံးတွေရော၊ အရေးအသားရော ကောင်းလိုက်တာ၊ မမ လင့်ထားတယ်နော်

Unknown said...

ကဗျာရဲ Tempo က အရမ်းမိုက်တယ်
အနိမ့်အမြင့် အတက်အကျ ကောင်းလွန်းပါတယ်