Sunday, March 15, 2009

ပျောက်ရှခဲ့သော နာမဝိသေသန

ဒီဇင်ဘာလက်ကျန် မြူဖွဲဖွဲဝေတဲ့တစ်နေ့မှာ နတ်သားတစ်ပါးနဲ့ဆုံတယ်။
"innocent" ဆိုတဲ့ နာမဝိသေသနတစ်ခု နှစ်လိုစွာပေးခဲ့မိတယ်။
ဖြူစင်မှု၊ ကြည်စင်မှုတွေနဲ့ တွေ့လိုက်တိုင်း သူမကို ပျော်ရွှင်စေတယ်။
ငြိမ်သက်မှုကို နှစ်ခြိုက်ပေမယ့် တွေ့လိုက်တိုင်း လှုပ်ခတ်သွားရတာကို သဘောကျနေမိတယ်။
သူမသိခဲ့ဘူး . . .။
အဲဒီ နတ်သားလေးက တစ်စုံတစ်ယောက်ရဲ့ အပြုံးတစ်ပွင့် အိပ်မက်တစ်ခု ဖြစ်လို့ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ဘူး။

တစ်နှစ် . . .
သူမရဲ့ အပြုံးတွေကို သူတွေ့တယ်။ ဘယ်လို အဓိပ္ပာယ်ဖွင့်မယ်တော့ သူပဲ သိလိမ့်မယ်။

နှစ်နှစ် . . .
သူမရဲ့ အိပ်မက်တွေကို သူရှာတွေ့တယ်။ နတ်သားလေးအတွက် သူမအိပ်မက်တွေ လက်ဆောင်ပေးလိုက်တယ်။
ဘယ်မှာ သိမ်းထားမလဲ ... သူပဲသိလိမ့်မယ်။

သုံးနှစ် . . .
သူမ နတ်သားလေးလို့ တစ်လျှောက်လုံး ယုံကြည်လာခဲ့တာ ...။
ယုံကြည်နေချင်သေးတယ်...။ ယုံကြည်နေပါရစေ...။
ပထမဆုံးအကြိမ်။
နတ်သားလေးဆီက လူနံ့ရလိုက်တယ်။
သူမ.... အကြီးအကျယ် တုန်လှုပ်သွားတယ်။ ဒါပေမယ့် ဇွတ်မှိတ် ယုံကြည်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်...
တဖြည်းဖြည်းနဲ့ တဖြည်းဖြည်းနဲ့ သူမရဲ့ နတ်သားလေးဟာ လူတစ်ယောက်ပဲဆိုတာ ဝမ်းနည်းစွာ သိလာရတယ်။
နတ်သားလေးဆီမှာ (နတ်သားလေးလို့ ယုံကြည်ခဲ့သူ) သူမရဲ့ နာမဝိသေသနလေးကို တဖြည်းဖြည်းနဲ့
ရှားပါးလာ၊ ရှာမတွေ့နိုင် ဖြစ်လာခဲ့တယ်။
(အစကတည်းက မရှိခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)

အခု . . .
သူမရဲ့ နတ်သားလေးဟာ သူမ မနှစ်သက်တဲ့ 'လူ'တွေနဲ့ တူနေတာကို တွေ့ရတယ်။
သူမအတွက် ဒါဟာ ကမ္ဘာပျက်ရုံ ကောင်းကင်ကြွေရုံ မကဘူး။ ။

'innocent'

'innocent'

'innocent'

'.... '


သူမ မြတ်နိုးခဲ့တဲ့ နတ်သားလေးနဲ့ သူ့ရဲ့ နာမဝိသေသနလေးကို သူမရဲ့ ပန်ဒိုရာ သေတ္တာထဲမှာ သိမ်းဆည်း၊ နတ်သားလေးနဲ့ သူ့ရဲ့ နာမဝိသေသနလေး ပြည့်ပြည့်ဝဝ တွဲလျက်ရှိနေခဲ့တဲ့ (သူမမှတ်မိသမျှ) နောက်ဆုံးအချိန်ထိ အခိုက်အတန့်လေးတွေပါ ထည့်သိမ်း ...။ ပြီးတော့ သူမကိုယ်သူမပါ အဲဒီနေရာမှာတင် ရပ်တန့်ထားခဲ့ပြီး သူမရဲ့ ကောင်းကင်ဆီ ဆက်လွင့်မျောသွားခဲ့တယ်။ ။

သူမ . . .။

သူမသည် သူမ သေချာသိသော အခိုက်အတန့်တစ်ခုမှာတင် မရောရာခြင်းများစွာဖြင့် ဝမ်းနည်းစွာရပ်တန့်ထားရင်း ဆက်လက်လွင့်မျောနေမည့် သူမသာ ဖြစ်ပါသည်။
ပီတိ(စိတ်ပညာ)

5 comments:

Phyo Maw said...

သူမက လူတွေကိုမနှစ်သက်ဘူးတဲ့လား...
စိတ်မကောင်းလိုက်တာ
ဝမ်းနည်းဝမ်းသာ မတတ်သာပါ။

ပီတိ(စိတ်ပညာ) said...

သူမမနှစ်သက်တဲ့ 'လူ' ဆိုတာ အတ္တ၊ မာန၊ မောဟ တွေ ပြည့်နေတဲ့ လူတွေကို ဆိုလိုတာပါ ကိုpm ရေ။

တီချမ်း said...

ပီတိ ညာထိ
ယောက်ျား မကောင်း မယုံ
ချိန်ကုန်
လူပမ်း
နောက်ဆုံး ဒီကောင်တွေအတူတူ

Anonymous said...

မော်ဒန်ဆန်ဆန် အရေးအသားလေးတွေ ပီတိကောင်းကောင်းရေးနိုင်ပါတယ်။ ဒီပို့စ်ထဲမှာ မရေရာမှုအငွေ့အသက်တွေ (Uncertainty)၊ စိတ်ကူးယဉ်မျှော်ဝါဒ (Idealism) အရိပ်တစ်ချို့ စွန်းထင်နေကြောင်း ယူဆကြည့်ပါတယ်။ (တကယ်တော့ ဟုတ်ချင်မှလည်းဟုတ်လိမ့်မယ် :D) ဒီနေရာမှာ Innocent ဆိုတဲ့ စကားလုံးရဲ့ရင်းမြစ်ကို လေ့လာချင်ပါတယ်။ အမှန်တကယ်မရှိတဲ့ ဂုဏ်ရည်တစ်ရပ်အတွက် စကားလုံးတစ်လုံး ဘယ်လိုတီထွင်ဖန်တီးခဲ့တယ်ဆိုတာ တွေးကြည့်မိလို့ပါ။ ကလေးငယ်ရဲ့အပြုံး၊ ဒါမှမဟုတ် ပန်းလေးတစ်ပွင့် အဲဒီလိုနာမ်တွေနောက်မှာထားဖို့ သက်သက်ဖန်တီးထားခဲ့တဲ့ နာမ၀ိသေသနတစ်ခုလား ...။ ပီတိရဲ့ရေးနိုင်စွမ်းကို ရိုးသားစွာချီးကျူးပါကြောင်း.....။

Unknown said...

နမ်ကိုအထူးပြုသော ပုဒ်ကို နာမ၀ိသေသနဟုခေါ်သည် ဆိုလျှင် နာမ၀ိသေသနကိုယ်တိုင်က အသုံးပြုခံ ကတ္တား တစ်ခုဖြစ်နေတယ်...။

နာမ၀ိသေသနဆိုတာ နာမ်မရှိရင် မဖြစ်တည်နိုင်ဘူးလို့ ထင်တယ်...။ ဒီဇတ်လမ်းလေးထဲမှာ မင်းသားအဖြစ် သရုပ်ဆောင်သွားတဲ့ Innocent ဆိုတဲ့ နာမ၀ိသေသ နလို ဟာမျိုးအတွက်ဆို ပိုတောင်အရေးကြီးတယ်...။ Innocent ဆိုတဲ့ နာမ၀ိသေသနရဲ့ အတိမ်အနက်၊ အထူအပါးဟာ ပြုသူ (ကံ) အမျိုးမျိုးပေါ်မှာ မူတည်ပြီး ပြောင်းလဲမှုရှိနေ နိုင်တယ်လေ...။

ကိုယ့်ကမ္ဘာဘက်အခြမ်းမှာ နေ့ဖြစ်နေပေမယ့်..။ အခြားကမ္ဘာတစ်ဘက်ခြမ်းမှာတော့....။ အမှန်တရားနှစ် မျိုးရှိနိုင်တယ်...။ ဘုရားရှင်ဟောခဲ့တဲ့ ဒေသနာအမှန် တရားတွေကလွဲလို့ အခြားအခြားသော အမှန်တရားတွေဟာ အချိန်ကာလနဲ့ နေရာဒေသကို လိုက်ပြီး ပြောင်းလဲတတ်လေတော့....။

အကြောင်းအရာပိုင်းပြီးတော့..။ အရေးအသားပိုင်းဗျာ..။ အရေးအသားပိုင်းကတော့ မြန်မာ ဘလော့တွေကြားထဲ မှာ ရှားပါးတဲ့ လက်ရာအရေးအသားနဲ့...။ အယူအဆ တွေပဲ...။ အခုလိုပဲ ထိခိုက် စူးရှတဲ့ စာကောင်းလေးတွေ ဆက်လက် ရေးသားနိုင်ပါစေ....။