Tuesday, September 21, 2010

လတ်တလော အခြေအနေ

Phobia တွေ အကြောင်းရေးမယ်လို့ တေးထားတာကြာပါပြီ။ ဒါပေမယ့် မရေးဖြစ်ဘူး။ ကဗျာလည်း မရေးဖြစ်ဘူး။ စာမရေးဖြစ်လို့ ဘာတွေလုပ်ဖြစ်လဲ ဆိုတော့လည်း ဘာမှ မလုပ်ဖြစ်ပါဘူး။ ကျောင်းတက်ရတာလည်း တော်တော်လေး ပျင်းနေပါတယ်။ တက်လိုက်ပျက်လိုက်နဲ့။ Assignment တွေ စာမေးပွဲတွေနဲ့ Final Project တစ်ခုကလည်း November မတိုင်ခင် ရှိနေပါတယ်။ ကဗျာရေးဖို့ စဉ်းစားနေပေမယ့် ခေါင်းထဲမှာရော ရင်ထဲမှာရော ဘာမှ မရှိသလိုဖြစ်နေလို့ ဘာမှမရေးဖြစ်ပါဘူး။ Inspiration လိုတယ်ဆိုပြီး စာဖတ်ဖို့ စဉ်းစားပါတယ်။ တစ်ရွက်နှစ်ရွက်လှန်ပြီး အိပ်ပျော်ပျော်သွားပါတယ်။ သူများတွေ ကဗျာရေးတာလိုက်ဖတ်ပါတယ်။ ဘာတွေမှန်း မသိတာနဲ့ ဆုံးအောင်မဖတ်ဖြစ်တာ များပါတယ်။ နားမလည်တဲ့ ဘာသာစကားတွေနဲ့ ရေးထားသလို ခံစားရပါတယ်။ ကဗျာဝါသနာမပါတဲ့ သူငယ်ချင်းတွေကို ပြောတတ်တာ ပြန်သတိရမိတယ်။ တစ်ခါဖတ်ကြည့် နားမလည်ရင် နှစ်ခါပြန်ဖတ်၊ နှစ်ခါဖတ်လို့နားမလည်ရင် သုံးခါဖတ် သုံးခါဖတ်လို့မှ နားမလည်ရင် ကိုယ့်အဆင့်ကိုယ်သိ၊ ဆိုတာပါ။ အခုတော့ အဲဒါကိုယ့်ဘာကိုယ်ပဲ ပြန်ပြောရမယ် ထင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာကိုယ် အရမ်းကိုပုံမှန် ဖြစ်နေသလိုခံစားရပါတယ်။ လူသားဆန်နေတယ်လို့ ထင်နေတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ နေရတာ အဆင်ပြေနေပါတယ်။ အဲဒါကြောင့် ဒီတိုင်းလေးပဲ နေနေပါတယ်။ ရုတ်တရက် ထပြီး Serious ဖြစ်ချင်လည်း ပြန်ဖြစ်သွားပါမယ်။

အခုလောလောဆယ် ကိုနေမိုးဝေ ရဲ့ စံပယ်ပွင့်ဖြူသူမ ကိုပဲ တော်တော်လေးကြိုက်ပါတယ်။ လင်းပွင့်လက်များက e-book အတွက်ကဗျာတောင်းတာလည်း မပေးဖြစ်ပါဘူး။ စာအုပ်အတွက် ကဗျာပေးဖို့လည်း မသေချာသေးပါဘူး။ အားလည်းနာပါတယ်။ အားလည်းမနာပါဘူး။ အားနာရမှာလည်း အားနာမိပါတယ်။ အရင်ကတည်းက ပီတိဆိုတာ သုံးလေးလနေမှ တစ်ပုဒ်ရေးတာပါ။ ရေးချင်လာမှ ချက်ချင်းထရေးတတ်တာမျိုးပါ။ ရေးချင်စိတ်မရှိရင်လည်း ရေးဖို့ မကြိုးစားပါဘူး။ အခု အဖွဲ့အစည်းနဲ့ဆိုတော့ ကြိုးစားရေးကြည့်ပေမယ့် ကြိုးစားပြီးရေးရတာ ကိုယ့်ဘာကိုယ် အားနာမိပါတယ်။းD ။ သိပ်လည်း စိတ်တိုင်းမကျသလိုရှိတယ်။ စကားမစပ် ကလောင်နာမည်လည်း ပြောင်းဖို့ စဉ်းစားနေပါတယ်။ လျာထားတာတော့ ခဂ္ဂါလို့ပါ။(ဂငယ် နှစ်လုံးဆင့်ပါ) ခဂ္ဂါဦး ဆိုတဲ့ ဇာတ်ကောင်နာမည်က ယူတာပါ။ ဒါးလို့ အဓိပ္ပာယ်ရတယ်။ ဒီတစ်ယောက်ကလည်း ဒါးခရေဇီ ဆိုတော့ အဲဒီနာမည်ကို ကြိုက်နေတာပါ။

ဒါးဆိုလို့ ပြောပါဦးမယ်။ ပီတိ စာရေးရင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတို့ မြန်မာအဘိဓာန်တို့နဲ့ စစ်ပြီးရေးပါတယ်။ ဒါပေမယ့် ဒါးကို ဒ နဲ့ ဒါးလား ဓ နဲ့ ဓါးလားဆိုတာတော့ ကြည့်ဖူးပေမယ့်မှတ်မထားဖြစ်လို့ မေ့သွားပါတယ်။ မေ့ပစ်လိုက်တယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်စွဲအရ ဒ နဲ့ပဲ ဒါးချင်လို့ပါ။ ဓနဲ့ဓါးရတာ အသွားမထက်ဘူလို့ပဲ ခံစားရပါတယ်။ အဲဒါကြောင့် ဟိုတစ်ယောက်နဲ့ တိုင်ပင်ပြီး နှစ်ဦးသဘောတူ ဒါးလို့ပဲ ရေးပါတယ်။ (အမှန်က ဘာလဲလို့လဲ လာမပြောကြပါနဲ့။ ပြောလည်း ဘာပဲဖြစ်ဖြစ် ဒနဲ့ပဲ ဒါးပါမယ်းD)။

ဒီဟာဘာလဲဆိုတော့ ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းပဲ ရေးချင်တာတွေ ရေးတာပါ။ စောင့်ဖတ်တဲ့သူတွေရှိတဲ့ ဘလော့မျိုးလည်းမဟုတ်တော့ ဆားလည်း ချက်စရာမရှိပါဘူး။ ချက်ချင်းချက် ကိုယ့်ဘာသာ ဟင်းချက်ပြီးပဲစားပါမယ်။ ကဗျာတွေစာတွေ တည်တည်တံ့တံ့ပို့စ်တွေတော့ လာချင်လည်းလာပါမယ် ကြာချင်လည်းကြာပါမယ်။ တော်တော်ကြာကြာ ပျောက်ချင်လည်း ပျောက်နေပါဦးမယ်။ ပေါက်ကရတွေပဲ လာလာရေးချင်လည်း ရေးနေပါဦးမယ်။ ဒီစာလည်း ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

1 comment:

khin oo may said...

ကောင်းပါတယ်။