Monday, January 25, 2010

သူမ ဘာကြောင့် ... (၁)

စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အချိန်မှာ အမျိုးသားတွေရဲ့ ကြောင်းကျိုးဆက်စပ်စဉ်းစားတဲ့ logical function တွေက နိုးထလာပြီး အမျိုးသမီးတွေမှာတော့ စကားပြောတဲ့ speech function တွေက activate ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့ အခါ အမျိုးသမီးဟာ သူမရဲ့ စကားပြောခန်းကို စပါတော့တယ်။ တစ်ခါတစ်လေ မရပ်မနားကို ပြောပါတယ်။ ဟုတ်ပါတယ်။ အမျိုးသမီးတစ်ယောက် စိတ်ဖိစီးမှုများတဲ့အခါ သူမ ပြောတာတွေနားထောင်ပေးမယ့် တစ်စုံတစ်ယောက်ကို တရစပ်ကိုပြောပါတယ်။ သူမဟာ သူမရဲ့ ပြဿနာ စိတ်ညစ်စရာတွေရဲ့ အသေးစိတ် ခရေစေ့တွင်းကျကို သူမနဲ့ ရင်းနှီးသူတစ်ယောက်ကို နာရီပေါင်းများစွာပြောနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မကပါဘူး။
စိတ်ညစ်နေရတဲ့ လက်ရှိပြဿနာအပြင် တခြား သူမစဉ်းစားရသမျှ ပြဿနာပေါင်းစုံကိုပြောပါတယ်။ လက်ရှိပြဿနာ၊ ပြီးခဲ့တဲ့ပြဿနာ၊ ဖြစ်နိုင်ခြေရှိတဲ့ပြဿနာ၊ အဖြေမရှိတဲ့ ပြဿနာ အားလုံးကိုပြောပါတယ်။ သူမပြောနေသမျှဟာ ဖြေရှင်းရမယ့် နည်းလမ်းလိုချင်လို့ပြောနေတာမဟုတ်ပါဘူး။ ဒီလိုပြောနေရ ပြောလိုက်ရတဲ့ အတွက်သူမစိတ်သက်သာရာရသွားတဲ့ အတွက် ပြောနေခြင်းသာဖြစ်ပါတယ်။ သူမပြောတဲ့ထဲမှာ အဆက်အစပ်မရှိတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာပေါင်းများစွာနဲ့ တခါတခါ မတူညီတဲ့ အကြောင်းအရာတွေကိုတောင် နိဂုံးမပါ အဆုံးမသတ်ပဲ တစ်ခုကနေတစ်ခု တစ်ချိန်တည်းမှာ တောက်လျှောက်ပြောသွားနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် သူမရဲ့ ပြဿနာတွေကို သူငယ်ချင်းတစ်ယောက်နဲ့ မျှဝေတယ်ဆိုတာ အဲဒီလူအပေါ်ခင်မင်တယ် ယုံကြည်တယ်ဆိုတဲ့ သင်္ကေတပါပဲ။
အမျိုးသားတစ်ယောက်အတွက်ကတော့ သူမပြောတဲ့ ညည်းတဲ့ ပြဿနာတွေကို ထိုင်နားထောင်ပေးနေရတာ ခက်ခဲတဲ့ ပြဿနာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူက အဲဒီလိုလျှောက်ပြောနေမယ့်အစား ပြေလည်အောင်တစ်ခုခုလုပ်လိုက်တာက ပိုကောင်းမယ်လို့ယူဆပါတယ်။ သူမရဲ့ စကားကို "အဓိကအကြောင်းအရင်းကဘာလဲ" လို့ စကားဖြတ်ချဖို့ကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် သူ မသိတာက သူမပြောနေရတဲ့ စကားပြောခန်းအရှည်ကြီးရဲ့ အဓိကအကြောင်းအရင်းက ဘာအဓိက အကြောင်းအရင်း ဘာ point မှ မလိုတာပါပဲ။ အမျိုးသားတွေ လေ့လာအသင့်ဆုံးပညာတစ်ခုကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ညည်းတွားခန်းမှာ စကားမဖြတ် ဘာအကြံဥာဏ်မှမပေးဘဲ ငြိမ်ငြိမ်လေးထိုင်နားထောင်နေတတ်ဖို့ပါပဲ။ ဒါပေမယ့်လည်း ဒါဟာ အမျိုးသားတွေအတွက်တော့ ခက်ခဲတဲ့ ပြဿနာတစ်ခုပါပဲ။
စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့တဲ့အခါ ဘာအကြံဥာဏ်မှ ပေးဖို့မကြိုးစားပါနဲ့။ သူမရဲ့ ခံစားချက်တွေကို ပေါ့သွားအောင်မလုပ်ပါနဲ့ ။ သူ့စကားကို သင်နားထောင်နေကြောင်းသာ သူမသိပါစေ။
အမျိုးသမီးတစ်ယောက်က အမျိုးသားရဲ့ အကြံဥာဏ်ကို လက်မခံ (အသိအမှတ်မပြု)တဲ့အခါ သူ့ရဲ့ နောက်ဗျူဟာတစ်ခုကတော့ သူမပြောနေတဲ့ ပြဿနာတွေကို အကျဉ်းဆုံးချုံ့ခိုင်းဖို့ပါပဲ။ "ဒါ.. သိပ်တော့လဲ အရေးမကြီးပါဘူးကွာ"၊"မင်းက နည်းနည်းတော့ပိုပါတယ်"၊ "ဒါ မင်းပြောသလောက်လည်း မကြီးကျယ်ပါဘူး" စတဲ့ စတဲ့ စကားမျိုးတွေနဲ့ သူမရဲ့ ပြဿနာတွေကို ချုံ့ပစ်ဖို့ ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ အမျိုးသားများသိဖို့က သူမပြောတာတွေကို သင်နားမထောင်ပေးတာနဲ့ သင်ဟာသူမကို ဂရုမစိုက်တဲ့သူလို့ ယူဆသွားပါလိမ့်မယ်။

WHY MEN DON'T LISTEN & WOMEN CAN'T READ MAPS မှ
Why Stressed Women talk ကို ဘာသာပြန်ပါသည်။

5 comments:

နေကျယ်ဝန်း said...

ဘာသာပြန်လည်း မိုက်ပါတယ် ။
အဆွယ်စုံပြီဆိုတော့ စွယ်စုံရပြီပေါ့ ။ :)

သက်နိုင် said...

Nice translation. :)

Flower said...

အချက်တွေတော်တော်များများ မှန်နေတယ်
မှတ်သားစရာပါဘဲ
အထူးသဖြင့်တော့ မိန်းခလေးတွေကိုနားလည်အောင်
ကြိုးစားနေတဲ့ ယောက်ျားလေးတွေ ပိုဖတ်သင့် တယ်လို့ ယူဆပါတယ်..

မမပြာ said...

အမ ကြိုက်လို့ ယူ သွားတယ် ပီတိ ရေ...ကျေးဇူး...

ပီတိ said...

ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ။