Blog password ဟိုစမ်း သည်စမ်းနဲ့ မှန်သွားလေတော့ ပို့စ်တင်ချင်လာပါတယ်..။ ရေးလက်စ ရေးလက်စတွေကပဲ များများလာပြီး တစ်ခုမှလည်း အဆုံးမသတ်ဖြစ်ပါဘူး..။ ခုတင်မယ့် ပို့စ်က ဟိုတစ်ခေါက် ရန်ကုန်က ပြန်လာပြီးကတည်းက Draft ထဲမှာ ရှိနေတာပါ..။ ဆိုတော့ကာ.. တစ်နှစ်တောင် မကတော့ပါဘူး။ ဘာလို့မတင်မိလည်းလည်း မမှတ်မိတော့ပါဘူး။ ခုတော့ တခြားလည်း တင်စရာမတွေ့လို့ ဒါပဲတင်လိုက်ပါတယ်..။ ဆားချက်တယ်ပဲဆိုဆို..။
ပြီးခဲ့တဲ့ တစ်ခေါက်ရန်ကုန်ပြန်တုန်းက ကာတွန်းတစ်ပုဒ်မှာ သည်လိုတွေ့မိပါတယ်။ ဆန်ဆိုင်ပိုင်ရှင် သူငယ်ချင်းက သူ့သူငယ်ချင်းတစ်ယောက်ကို ထမင်းစားပြီးပြီလားမေးတော့ ဒေါသတကြီးနဲ့ မင်းက ဆန်ဆိုင်ဖွင့်ထားလို့ လူပါးဝတာလား။ အဆင်မပြေပေမယ့် ထမင်းတော့နပ်မှန်ပါတယ်ကွ ဆိုပြီး ပြောသတဲ့။
ဝါးလုံးကွဲ မရယ်ရပေမယ့် ပြုံးတော့ ပြုံးစရာပါ။ တွေးစရာလေးလည်း ရလာတယ်။
ဝါးလုံးကွဲ မရယ်ရပေမယ့် ပြုံးတော့ ပြုံးစရာပါ။ တွေးစရာလေးလည်း ရလာတယ်။
ပြန်လာတဲ့အထိ အဲဒီဇာတ်ကွက်လေးက ခေါင်းထဲပါလာတယ်။ သိင်္ဃသူ့သမီးကျောက်စာလည်း ပြေးသတိရမိတယ်။ “အချင်းချင်း အမျက်အဤတစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ကြည့်စေသတည်း...“ ဆိုတာလေးပါ။ ချစ်သောမျက်စိဖြင့်ကြည့်တဲ့။ ချစ်သောမျက်စိဖြင့်ကြည့်ရင် ချစ်စရာ မုန်းသောမျက်စိဖြင့်ကြည့်တော့ မုန်းစရာ။ ချစ်သောနားဖြင့် နားထောင်တော့ ချစ်စရာ မုန်းသောနားဖြင့် နားထောင်တော့ မုန်းစရာလား။ ဟုတ်သလိုပါပဲ။ ခုနက ဟာသမှာလည်း မေးတဲ့လူကတော့ မေးလိုက်တာက သဘောရိုးနဲ့ရယ်။ ဒေါသအခံ (ဒါမှမဟုတ်လည်း သိမ်ငယ်စိတ်အခံ) နဲ့ နားထောင်လို့ လူတိုင်းကြားနေကျ ပြောနေကျစကားလေးက ဒေါသသင့်သွားတာပါ။ အဲဒီတော့ လက်ခံတဲ့ စိတ်က သိပ်အရေးကြီးပါတယ်။ ကဲ ဘယ်လိုစိတ်နဲ့ လက်ခံကြမှာလဲ။ သိင်္ဃသူ့သမီးပြောသလို ချစ်သောမျက်စိနဲ့ ကြည့်မှာလား။ ချစ်သောနားနဲ့ နားထောင်မှာလား။ စကားတစ်ခွန်း စာတစ်လုံးသည် ခံယူသူရဲ့ အသိဥာဏ်အဆင့်အတန်း၊ စိတ်အခြေအနေ၊ အတွေ့အကြုံတွေပေါ်မူတည်ပြီး အဓိပ္ပာယ်နားလည်မှုတွေ ကွဲနိုင်ပါတယ်။ လွဲနိုင်ပါတယ်။ ကွဲကြပါတယ်။ လွဲကြပါတယ်။ ချစ်သော မုန်းသောဆိုတဲ့ ကြားခံနယ်တွေကလည်း စကားရဲ့ ဆိုလိုရင်းကို တန်ဖိုးပြောင်းစေတာပါပဲ။ ချစ်သောမျက်စိနဲ့ရောကြည့်သင့်ပါရဲ့လား။ တွေးမိခြင်းပါ။ တကယ်တော့ချစ်ခြင်း မုန်းခြင်း ဆိုတာတွေဟာလည်း မူလ အဓိပ္ဗာယ်လမ်းကြောင်းကို သွေဖည်စေတာပါပဲ။ လူတွေဟာ အမုန်းကြောင့် အမှောင်ဖုံးသလို အချစ်ကြောင့်လည်း အမှောင်ဖုံးတတ်တာပါပဲ။ ဆင်ခြေတက်နိုင်ပါတယ်။ သိင်္ဃသူ့သမီးရဲ့ ချစ်သောမျက်စိဆိုတာ လူတွေကို စုံလုံးကန်းစေတဲ့ အချစ်ကို မဆိုလိုပါဘူးလို့။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက် စားလည်း ကြက်သွန်ပါပဲ။ အမှန်ကို မြင်ချင်ရင် အမှန်ကိုပဲ ကြည့်ရပါမယ်။ ဖော့တွေး ဖိတွေး ဖာတွေး ဖျက်တွေး ကြိုတင်ကောက်ချက်ဆွဲ အမှတ်ပေး အမှတ်လျှော့ခြင်းတွေ ကင်းရပါမယ်။
ဟိုတုန်းကတော့ ဒီလိုပြောကြတယ်။ လောကကြီးကို ဘောင်ခတ်မကြည့်နဲ့တဲ့။ ခုတော့ တစ်မျိုးပြောင်းပြောမယ်။ လောကကြီးကို နေကာမျက်မှန်တပ်မကြည့်ကြနဲ့လို့။
ပီတိ (စိတ်ပညာ)