ငါက ဆယ်တန်းမှာ
Physics အမှတ်နည်းတဲ့ကောင်။
စိတ်မရှိပါနဲ့။
ဖန်ခွက်မဟုတ်တော့လည်း
ခွမ်းကနဲမမြည်ဘူးလေ။
အကောင်းအတိုင်းဖြစ်ဖို့ကြိုးစားတိုင်း
သွေးတစိုစိုနှလုံးသားမှာ ဖန်ကွဲစပဲတွေလာလာစိုက်တယ်
ဖြစ်နိုင်တာက ငါ လုံလောက်တဲ့ အားထုတ်ခြင်းအမှုကို မပြုခဲ့လို့ထင်တယ်။
ဖြစ်သင့်တာက ....... ။
အဲဒါသင်တဲ့နေ့က ငါကျောင်းပြေးတယ်။
လွမ်းစရာကို နာစရာနဲ့ မဖြေပါဘူး
နာစရာတွေကိုသာ လွမ်းစရာနဲ့ချေပစ်တယ်
ဘာလို့များ အဲဒီတိမ်တိုက်တွေဆီ လက်တွေကမ်းမြှောက်လိုက်တိုင်းမှာ
ပြဿဒါးတွေပဲ လာလာမှောက်ကျနေရတာပါလိမ့်။
ဖုန်းဆိုးတောထဲက မြက်ရိုင်းတစ်ကောင်လို
လေပြေတပွေ့နဲ့ပဲ အိပ်တန်းတက်
အိပ်မက်တွေကိုလည်း လျှော့ဈေးနဲ့ အရုဏ်ဦးအထိ ခမ်းနားကြည့်တယ်
အိပ်မက်တွေမှာလည်း အိပ်မက်မက်ခွင့်တော့ရှိသင့်တာပဲ
ပြောဖူးနေကျအတိုင်းပေါ့
မလုံလောက်သေးတဲ့ မနက်ဖြန်တွေပဲ ထပ်တလဲလဲကွာကျရင်း
ပြီးခဲ့တဲ့တစ်နေ့ဟာ နောက်တစ်နေ့ကို
ကော်ဖီဆိုင်မှာ ထိုင်စောင့်တယ်
ကိုရီးယားကားကြည့်ရင်း စောင့်တယ်
အပယ်ခံကဗျာတွေရေးရင်းစောင့်တယ်
ဆုတွေတောင်းရင်းစောင့်တယ်
သိတဲ့အတိုင်းပဲ
ငါက ဆယ်တန်းမှာ
Physics အမှတ်နည်းတဲ့ကောင်။
Black Hole နဲ့ မရင်းနှီးသလို
ဘုရားသခင်နဲ့လည်းရန်မဖြစ်ဖူးတော့
ဆုတွေတောင်းရင်းစောင့်တယ်။
ဆုတွေကြမ်းရင်းစောင့်တယ်။
ဆုတောင်းတွေကြမ်းရင်းစောင့်တယ်။
စောင့်ရင်းစောင့်ရင်း
တောင်းရင်းတောင်းရင်း
ဆုတောင်းတွေကြမ်းကြမ်းလာတယ်။
သိတဲ့အတိုင်းပဲလေ
ငါက ဆယ်တန်းမှာ
Physics အမှတ်နည်းတဲ့ကောင်ကိုး။